သင့်ကို ပိုမိုလှပ ကြည့်ကောင်းစေမည့် ဖြတ်လမ်းနည်း ၅ သွယ်
သင့်ကို ပိုမိုလှပ ကြည့်ကောင်းစေမည့် ဖြတ်လမ်းနည်း ၅ သွယ်
By Good Health Originally posted 20/03/2012 12:51PM
သင့်ခန္ဓာကိုယ်ကို ကျန်းမာလှပ သန်စွမ်းနေအောင် လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ သင့်အသားအရေကိုလည်း ကျန်းမာ လှပနေအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ကို အခုထက် ပိုမိုလှပ ကြည့်ကောင်းနေစေမယ့် ဖြတ်လမ်းနည်းတွေကို အကြံပြု လိုက်ပါတယ်။
(၁) သင့်နှုတ်ခမ်းကို ဂရုစိုက်ပါ
နှုတ်ခမ်းအရေပြားဟာ နေရောင်ခြည်ကြောင့် ထိခိုက်မှုဖြစ်နိုင်ခြေ မြင့်မားသလို နှုတ်ခမ်းအရေပြား ခြောက်သွေ့မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းဆိုးဆေး မဆိုးခင်မှာ နေရောင်ကာနိုင်စွမ်း SPF 15 ဆနဲ့ အထက်ပါတဲ့ နှုတ်ခမ်းဆိုးဆေး အဆီကို အရင်ဆိုးပေးပါ။ တစ်ပတ်မှာ တစ်ကြိမ် နှုတ်ခမ်းကို ကြေးချွတ်ပေးပါ။ ကြေးချွတ်ရမယ့်နည်းက သင့်လက်ထဲကို နှုတ်ခမ်းဆိုးဆေး အဆီ ပဲစေ့လောက် ပမာဏ ညှစ်ထည့်ပြီး မှုန့်ညက်နေအောင် ကြိတ်ခြေထားတဲ့ သကြားနဲ့ ရောမွှေကာ နှုတ်ခမ်းသားပေါ်ကို စက်ဝိုင်းပုံ အတိုင်း လှည့်လည် ကြေးချွတ်ပေးပါ။ တစ်မိနစ်လောက်ကြာမှ ရေဆေးချလိုက်ပါ။ သကြားဟာ ခြောက်သွေ့နေတဲ့ အရေပြားကို ကင်းစင်စေပြီး အဆီဟာ နှုတ်ခမ်းသားကို အာဟာရဖြည့်ပေးကာ နှုတ်ခမ်းကွဲအက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၂) အသားအရေ ချောမွေ့အောင် ထိန်းသိမ်းပါ
သင့်အသားအရေ တောက်ပပြီး ပိုးသားလေးလို နူးညံ့နေစေဖို့အတွက် အရင်ဆုံး လုပ်သင့်တာက မျက်နှာသစ်ဆေးနဲ့ သစ်ပြီး ပုံမှန် အစိုဓာတ် ထိန်းပေးဖို့ လိုပါတယ်။ လေထဲက အစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ Humectants ပါတဲ့ အသားအရေထိန်း ပစ္စည်းနဲ့ ဆဲလ်ကြားက အရေပြား နေရာတွေကို ချောမွေ့စေတဲ့ Emolients ပါတဲ့ အသားအရေထိန်း ပစ္စည်းကို ရွေးချယ်သင့်ပါတယ်။
(၃) အရေးကြောင်း လျော့အောင် ရက်တီးနွိုက်ခရင်မ် လိမ်းပါ
အရေပြားဟာ သူ့ကို ထောက်ပံ့ထားတဲ့ အီလက်စတင်နဲ့ ကော်လာဂျင်တွေ ဆုံးရှုံးသွားတဲ့အခါ အရေပြား လျော့တွဲကျ လာတတ်ပါတယ်။ အရေပြား တင်းရင်းစေတဲ့ အီလက်စတင်ကို ပြန်လည် မဖြည့်တင်းနိုင်တာကြောင့် ရက်တီးနွိုက်ခရင်မ် (Retinoid Cream) ကို လိမ်းပေးသင့်ပါတယ်။ ဒါမှသာ အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်တွေကို ထောက်ပံ့ပေးနိုင်မှာပါ။ အရေပြားအထူးကု ဆရာဝန်တွေရဲ့ လေ့လာမှုအရ ခြောက်လလောက် ရက်တီးနွိုက်ခရင်မ် လိမ်းတဲ့သူတွေဟာ အရေးကြောင်း ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း လျော့ကျတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။
(၄) အသားအရေ တောက်ပအောင် အစိုဓာတ်ထိန်းခရင်မ် များများလိမ်းပါ
ခြောက်သွေ့အက်ကွဲနေတဲ့ အသားအရေက နွမ်းနယ်နေတတ်ပါတယ်။ ဒါကြောင့် အသားအရေ ကြည်လင် တောက်ပနေစေဖို့အတွက် နေ့ရောညပါ အစိုဓာတ်ထိန်း ခရင်မ်ကို များများလိမ်းပေးဖို့ လိုပါတယ်။ နေ့လိမ်းခရင်မ် မလိမ်းခင် အရေပြား တောက်ပစေတဲ့ ဆီကြည်ကို လိမ်းပေးရင် အရေပြားပေါ်က အမည်းစက်တွေကို လျော့ပါးစေပြီး အသားအရေကို တောက်ပစေပါတယ်။ အသားအရောင် မညီညာတာ လျော့ကျစေဖို့ ထိရောက်မှုရှိတဲ့ Lightening Cream ကို လိမ်းပေးပါ။
(၅) ဗီရိုကို ရှင်းလင်းပါ
နှုတ်ခမ်းနီအဆီနဲ့ အိုင်းရှဲဒိုးစတဲ့ ရေဓာတ် ပါဝင်မှုနည်းတဲ့ အလှကုန်ပစ္စည်းတွေက သက်တမ်း ကြာကြာမခံပါဘူး။ ပေါင်ဒါမှုန့်တွေက သက်တမ်း သုံးနှစ်အထိပဲ ခံပြီး နှုတ်ခမ်းဆိုးဆေးအဆီတွေက သက်တမ်းနှစ်နှစ်ပဲ ခံပါတယ်။ မျက်တောင်ကော့ဆေးတွေရဲ့ သက်တမ်းက လေးလပါ။ အဲဒီ အလှကုန်ပစ္စည်းတွေကို သက်တမ်းကြာမှု ရှိ၊မရှိ စစ်ဆေးပြီး သက်တမ်းရင့်နေရင် လွှင့်ပစ်လိုက်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment