ဘယ်အပြစ်ပိုကြီးသလဲ။

အပြစ်ရှိမှန်းသိ သိလျက် ကျူးလွန်သော အပြစ် နှင့် အပြစ်ရှိမှန်း မသိလျက် ကျူးလွန်သော အပြစ် မှ မည်သည်အပြစ်ကပိုမိုကြီးမားစွာ ခံရတတ်သနည်း။

သာမန်အားဖြင့် အပြစ်တစ်ခုကို ကျူးလွန်တဲ့အခါမှာ သိလျက်နဲ့ကျူးလွန်တဲ့အပြစ်က ပိုမိုကြီးလေးတယ်လို့ ထင်မြင်စရာရှိပါတယ်။


လောကုတ္တရာအမြင်နဲ့ သုံးသပ်ရင် အပြစ်ရှိမှန်း မသိပဲ ကျူးလွန်သည့်အပြစ်က ပိုမိုအပြစ်ကြီးပါ သည်။


အပြစ်ဟုဆိုရာ၌ ယင်းအပြစ်(ကံ)သည် ဒုစရိုက် ၁၀ ပါးကို ဆိုလိုပါသည်။


အဘယ်ကြောင့်နည်း။


ဥပမာ- လူတစ်ဦးအား မီးခြစ်ခြစ်တောက်ပူနေသော သံချောင်းကို ဆုပ်ကိုင်ခိုင်းလျှင် အဘယ်ကိုင်ဝံ့နည်း။ သို့သော် မကိုင်လျှင် အသေသတ်မည်ဟု ခြိမ်းခြောက်မှသာ "ခပ်ဖွဖွ ကိုင်လိမ့်မည်"


ယင်းနေရာတွင် မသိနားမလည်သော ကလေးတစ်ဦးအား ခေါ်၍ ထိုမီးခြစ်ခြစ်တောက်ပူနေသော သံချောင်းကို ကိုင်ပါဆိုလျှင် နီရဲနေသောကြောင့် "အားရပါးရ"ပင် ဆုပ်ကိုင်လိမ့်မည်။ ထို့ကြောင့် အပူဒဏ်ကို ပိုမိုခံစားရမည် ဖြစ်သည်။ နာကျင်မှုဒဏ်ကို ပိုခံစားရမည် ဖြစ်သည်။


ထိုနည်းတူစွာပင် အကုသိုလ်ရေးရာလုပ်ငန်း ဒုစရိုက်များကို မှားမှန်းသိလျက်နှင့် ကျူးလွန်သူသည် "ငါဟာ မကောင်းမှုလုပ်နေတာပါလား" ဟူသော စိတ်နှင့် သတိကလေးတော့ရှိနေအုံးမည်။ လျော့ပေါ့၍လည်း ကျူးလွန်ကောင်းကျူးလွန်လိမ့်မည်။


သို့သော် အကုသိုလ် ဒုစရိုက်မှန်း မသိသူသည် ယင်းအကုသိုလ်ဒုစရိုက်ကို အားရပါးရပင် ကျူးလွန်လိမ့်မည်။ မလျော့ပေါ့ပဲ တိုးလို့သာ ကျူးလွန်မည်။ (ဥပမာ- အကြင်နာမဲ့ လူသတ်မည်၊ ခိုးမည်၊ ယင်းအပေါ်မှားသည်ဟု မထင်ပဲ ဆက်လက်ကျူး လွန်နေမည်)


ထို့ကြောင့် ယင်းအကုသိုလ်၏ အကျိုးဆက်အနေဖြင့် သိလျက်နဲ့ကျူးလွန်သူသည် လျော့ပေါ့ကျူးလွန်သောကြောင့် မသိပဲအားရပါးရကျူးလွန်သူနှင့် နှိုင်းစာလျှင် ခံရမည့် ဝိပါက်မှာ ပိုနည်းသည်။


ထို့ကြောင့် မြတ်စွာဘုရားဟောကြားသည့် မသိမှု ဟူသော (မောဟ) သည် အင်မတန် ကြောက်စရာကောင်းသော ကိလေသာစိတ်တစ်ခုဖြစ်ပြီး အဝိဇ္ဇာ အမှောင်ဓာတ်ဖြင့် ဖုံလွမ်းစေသည်။


ပညာဥာဏ်မျက်စိဖြင့် သိမြင်တော်မှုပြီး မောဟစိတ်နည်းပါးစေကာ အမောဟဟိတ်တရားဖြင့် ဘာဝနာတရားပွားများ အားထုတ်နိုင်ကြပါစေ။


အဘိဓမ္မာကျမ်းမှ မှတ်သားလေ့လာချက် 

No comments: