အရက်မူးစိန်ခေါ်ပြီး တိုက် ၃ လွှာ ပေါ်က ခုန်ချတဲ့ မြန်မာနှစ်ယောက် ပီနန်ဆေးရုံရောက်


ဒီနေ့ မလေးရှားနိုင်ငံမှာ ထုတ်ဝေတဲ့ The Star News Paper သတင်းစာမှာ မြန်မာနှစ်ယောက် အရက်မူးပြီး စိန်ခေါ်ကြကာ ၃ လွှာမြင့်တဲ့အိမ်ယာ တိုက်ပေါ်ကနေ ခုန်ချလို့ ဆေးရုံရောက်သွားတဲ့ အကြောင်း ပါလာပါတယ်။ ဒီသတင်းစာဟာ မလေးနိုင်ငံရဲ့ နာမည်အကြီးဆုံးနဲ့ သိက္ခာအရှိဆုံးသတင်းစာ  တစ်စောင်ဖြစ်တာမို့ သိပ်ကိုရှက်ဖို့ ကောင်းတဲ့ ကိစ္စတစ်ခုပါဘဲ။ မြန်မာအချို့ကတော့ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်နေကြပါတယ်။ (သူတို့ အပစ်ချ ခံ၇တာ မဟုတ်ဘူး ဆိုရင်ပေါ့လေ။..)
သတင်းစာထဲမှာ ရေးထားတာက အသက် ၂၄ နှစ်အရွယ်ရှိတဲ့ လူငယ်တစ်ယောက်နဲ့ အသက် ၂၆ နှစ်အရွယ်ရှိတဲ့ လူငယ်တစ်ယောက်တို့ဟာ တနင်္ဂနွေနေ့ ၁၁ နာရီခွဲ အချိန်မှာ တစ်ယောက်ကို တစ်ယောက် စိန်ခေါ်ပြီး ပီနန်းက Gat Lebuh Macallum ရပ်ကွက် အိမ်ယာအခန်း ၃ လွှာကနေပြီး ခုန်ချကြပါတယ်တဲ့။

ငယ်ရွယ်တဲ့ တစ်ယောက်က ညာဖက်လက်ရိုး ကျိုးသွားပြီး ညာဖက်ဒူးလည်း ကျိုးသွားပါတယ်တဲ့။ အခြားတစ်ယောက်ကတော့ ဘယ်ဖက်ခြေထောက် ကျိုးပြီးဦးခေါင်းမှာ ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ယောက်ဟာ သုံးလွှာ လှေခါးမှာ အရက်သောက်ကြတယ်လို့ အိမ်းနီးချင်းတွေက ပြောပါတယ်။

လုံခြုံရေးတွေကလည်း အခင်းဖြစ်ရပ်ကို မြင်တွေ့ပြီး ရဲစခန်းကို ဖုန်းဆက်ခေါ်ပြီး လူနာတင်ယာဉ်ကိုပါ ရောက်စေခဲ့တာ ဖြစ်ပါတယ်။

George Town က OCPD လက်ထောက် Comm Gan Kong Meng အဆိုအရ အရက်ပုလင်းလွတ် နှစ်လုံးကို လှေခါးရင်းမှာ တွေ့တယ်လို့ ဆိုပါတယ်။

သူက "အခုအချိန်အထိတော့ သူတို့ကို ကျွန်တော်တို့ အင်တာဗျူးမလုပ်ရသေးပါဘူး။ သူတို့ကို ပီနန်ဆေးရုံကို ပို့ထားပြီး အခြေအနေ ကောင်းလာပြီလို့တော့ ပြောပါတယ်။ အခုထက်ပိုပြီး ကျန်းမာရေး ကောင်းလာတဲ့အခါ သူတို့ကို မေးမြန်းစုံစမ်းပါ့မယ်။ ဘာဖြစ်ခဲ့တယ် ဆိုတာ ကျွန်တော်တို့ သေသေချာချာ သိချင်နေပါတယ်။" လို့ ပြောခဲ့ပါတယ်။

No comments: