ခန္ဓာကိုယ်မှ အူလမ်းကြောင်းအတွင်းရှိ သံကောင်များအား တုန့်ပြန်ရာ၌ ခန္ဓာကိုယ်အလေးချိန်လျော့ကျခြင်းက သိသာသောအခန်းကဏ္ဍမှ ပါဝင်သည်ဟု မန်ချက်စတာတက္ကသိုလ်မှ ကျွမ်းကျင်သူများကပြောကြားခဲ့သည်။ ယခင်လေ့လာမှုများအရအူလမ်းကြောင်းတွင် နေထိုင်သော သံကောင်များကို ကုသရာ၌ Tribendimidine ဆေးက အကျိုးသက်ရောက်မှုကောင်းပြီး စိတ်ချရသည်ဟု လက်ခံခဲ့ကြသော်လည်း ယခုအခါလေ့လာမှုအသစ်အရသဘာဝ အတိုင်းစားသောက်နေထိုင်ရာမှကိုယ် အလေးချိန်လျော့ကျလာခဲ့ခြင်းက ခန္ဓာကိုယ်၏ခုခံအားစနစ်ကို စတင်သက်ဝင်လှုပ်ရှားစေပြီး ခန္ဓာကိုယ်တွင်းမှသံကောင်များအား သဘာဝနည်းလမ်းအတိုင်း တိုက်ထုတ် နိုင်ကြောင်းတွေ့ရသည်။
ကမ္ဘာတစ်ဝန်းရှိလူများ၏ ၂၅%ခန့်မှာ အစာအိမ်နှင့် အူလမ်းကြောင်းတစ် လျောက်တွင် ကပ်ပါးပိုးများ ကူးစက်ခံ နေရပြီးအများအားဖြင့်အစားအသောက် ပျက်သည့်လက္ခဏာများပြလေ့ရှိသည်။ အခြားလက္ခဏာတစ်ခုမှာ ကိုယ်အလေးချိန်ကျဆင်းခြင်း ဖြစ်သည်။ သို့သော် သိပ္ပံပညာရှင်များအနေဖြင့် ကပ်ပါးပိုးများကအဘယ်ကြောင့် အစားအသောက်ပျက်စေသည်ကို များများစားစားနားမလည်သေးပေ၊၊ ထို့ကြောင့်မန်ချက်စတာတက္ကသိုလ်မှ လေ့လာသူများက သံလုံးကောင် ကူးစက်ခံနေရသော ကြွက်များတွင်လေ့လာမှုများ ပြုလုပ် ခဲ့ကြသည်။ ထိုအခါ ကြွက်များ၏ ခုခံအားစနစ်မှာ အစာစားချိန်နှစ်ချိန်ခန့် မစားရသောအခါမှစတင်သက်ဝင်လာပြီး သံလုံးကောင်များအား တိုက်ထုတ်ကြောင်းတွေ့ရသည်။ လေ့လာသူအဖွဲ့ခေါင်းဆောင် Dr. John Worthington ကလည်း “သူ့အနေ ဖြင့်ယခုတွေ့ရှိမှုကို အံ့သြရကြောင်း ယေဘုယျအားဖြင့်ဆိုလျှင်အစားပျက်၍ ကိုယ်အလေးချိန်ကျခြင်းကခုခံအားစနစ် အပေါ်ဆိုးကျိုးသာ ရှိသင့်ကြောင်း၊ သို့သော်ယခုတွေ့ရှိမှုတွင် ကြွက်များ၌ ကိုယ်အလေးချိန်ကျခြင်းက သူတို့ ကိုယ်ထဲရှိ ကူးစက်ခံနေရသော သံလုံး ကောင်များအား တိုက်ထုတ်ရာတွင် အထောက်အကူ ပြုခဲ့ကြောင်း၊ ယခု တွေ့ရှိမှုမှ အူလမ်းကြောင်းအတွင်း ကပ်ပါးကောင် ကူးစက်ခံနေရသော လူနာသန်းပေါင်း များစွာအတွက်ဆေး သစ်ထုတ်ရာ၌ အကူအညီပေး နိုင်ရန် မျှော်လင့်ကြောင်း”ပြောကြားခဲ့သည်။
အ၀င်း
Ref: MNT
Health Updates Journal
Vol-2,No-5
No comments:
Post a Comment