ထမနဲ ထိုးပွဲ ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ


၁၂လ ရာသီ ထဲက အေးချမ်း လှတဲ့ ဆောင်းရာသီရဲ့ နောက်ဆုံးလဖြစ်တဲ့ တပို့တွဲလကို ရောက်ရှိလာခဲ့ပြီနော်။ "တပို့တွဲ" ဆိုတဲ့စာကို ပုဂံခေတ်ကျောက်စာတွေမှာ "တပိုင်ထွယ်"လို့ရေးထိုးခဲ့ကြတယ်။ ပုဂံခေတ်က ယပလက်သက်တဲ့ အသံနဲ့ နောက်ပစ်တဲ့ အသံက အတူတူ ဖြစ်နေတာကြောင့် ဒီဘက်ခေတ် အသံထွက်နည်း အရ "တပို့တွဲ"လို့ ဖြစ်လာပါတယ်။ အဘိဓာန်မှာတော့ "တပို့တွဲ" ကို ထန်းဖူး ထန်းခိုင် တို့အား အောက်သို့ ညွှတ်ဆွဲ ကိုင်းအောင်၊ တွဲကျအောင် ပြုလုပ်သည့်လ၊ ထန်းရည်နှင်းလ၊ မြန်မာ တစ်ဆယ့် နှစ်လ တို့တွင် ဆယ့်တစ်လ မြောက်သောလ၊ ကုံရာသီလို့ ဖော်ပြထားပါတယ်။ တပို့တွဲလရဲ့ မြန်မာ့ ရိုးရာပွဲတော် ကတော့ ထမနဲပွဲပဲပေါ့။
ထမနဲ ထိုးပွဲ ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ

ထမနဲပွဲထမနဲ ထိုးပွဲ စတင် ဖြစ်ပေါ်လာရတဲ့ အကြောင်း ကတော့ ဒီလိုကွယ့်။ မဟာယာနကျမ်း တွေမှာ ပါဝင်တဲ့ ဘုရားရှင် ဆောင်းရာသီမှာ မီးလှုံတယ်ဆိုတဲ့ အချက်ကနေ စခဲ့တာပေါ့။ အေးမြတဲ့ ဆောင်းရာသီ မှာ ဘုရားရှင်ဟာ အချမ်းဒဏ်ကို ခံနိုင်ဖို့ အတွက် မီးလှုံခဲ့ဖူးတယ် ဆိုပြီး ထင်းမီးပူဇော်ပွဲ တွေကို ကျင်းပခဲ့ ကြတယ်။ ထင်းမီးပူဇော်ပွဲကို မီးဖုန်းပွဲ လို့ခေါ်ကြတယ်။

မီးဖုန်းပွဲမှာ ဘုရားရှင်ကို ယာဂု ဆွမ်းကပ်လှူတာက စတင်ပြီး ထမနဲပွဲ စတင် ပေါ်ပေါက် လာတာပေါ့။ ကောက်ညှင်းဆန်ကို ယောင်းမနဲ့ စေးပိုင် လာအောင် နှဲရလို့ ထမနဲလို့ ခေါ်ကြ တာကွယ့်။ ဟိုးအရင်တုန်း ကတော့ ထမနဲ ထိုးကြ၊ အိမ်တိုင်းကို လိုက်ပြီး ဝေငှကြ၊ အိုးစည် ဒိုးပတ် ဝိုင်းတွေနဲ့ စည်စည် ကားကား ကျင်းပ ကြတာပေါ့။

ရှမ်းထမနဲ

ရှမ်းပြည်မှာ ထမနဲကို ကြံသကာ ထည့်ပြီး အချို ထိုးကြ ပါတယ်။ ချိုချိုလေးနဲ့ မွှေးတဲ့ ရှမ်းထမနဲပေါ့။ အအေးဒဏ်ကို ခံနိုင် ဖို့ ဆေးဝါးအဖြစ် ထမနဲကို စားသုံးကြတယ်လို့လည်း အယူ အဆ ရှိပါကြောင်း.....။

(မှီငြမ်း - ဆရာမကြီး ဒေါ်စောမုံညင်း၏ ယဉ်ကျေးမှု အနုပညာ၊ မြန်မာ့အသံ ရေဒီယို ဟောပြောချက်များ)

No comments: