နက္ခတ်တို့၏ အိမ်ထောင်ရေး ဟောစာတမ်း

နက္ခတ်နဲ့ပတ်သက်ပြီး စိတ်နေစိတ်ထားကို တင်ပြီးသည့်နောက် ယခုအခါ အိမ်ထောင်ရေးဟောစာတမ်းကို ထပ်မံတင်လိုက်ပါသည်။

မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။
အကြင်သတို့သား နှင့် သတို့သမီးတို့ ၏ စင်နက္ခတ်သည် လူနက္ခတ် အချင်းချင်း ပေါင်းသင်းပါက

တစ်ဦးအပေါ် တစ်ဦး ကြင်ကြင်နာနာချစ်ခင်နိုင်ခြင်း၊ နားလည်နိုင်ခြင်း၊ ယဉ်ကျေးသိမ်မွေ့သော သားသမီးရတနာများ ထွန်းကားခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ လူကြီးမိဘများ၏ အကျိုးကျေးဇူးတို့ကို ခံစားခွင့်များခြင်း၊ အိမ်ထောင်ရေးမေတ္တာမျှလျှက် စိတ်ချမ်းသာမှုတို့ကို ခံစားရခြင်း၊ ဖောက်လွဲဖောက်ပြန်မှု ကင်းစင်ခြင်း၊ သစ္စာရှိခြင်း ဟူသော အကျိုးတို့ကို ဖြစ်ပေါ်စေပါသည်။

အကြင်သတို့သားနှင့် သတို့သမီးတို့သည် လူနက္ခတ်နှင့် နတ်နက္ခတ် ပေါင်းသင်းပါက

ကြီးပွားချမ်းသာလွယ်ခြင်း၊ ဥာဏ်ရည်ထက်မြက်သော သားသမီးတို့ထွန်းကားခြင်း၊ အကျင့်သီလနှင့်ပြည့်စုံသော သားသမီးတို့ကို ဖွားမြင်စေခြင်း၊ ရာထူးဂုဏ်တို့ တက်လွယ်ခြင်း၊ မိမွေ ဘမွေ တို့ကို ခံစားရလွယ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခေတ္တယာယီ ခွဲခွှာရမှု အနည်းငယ်များခြင်း၊ အိမ်ထောင်ရေးကိစ္စများ နှင့် နားလည်မှု အနည်းငယ်လွဲမှားတတ်ခြင်း၊ နားလည်မှုပြန်လည်ထားရှိနိုင်ခြင်း ဟူသော အကျိုးတို့ကို ဖြစ်ပေါ်စေပါသည်။

အကြင်သတို့သားနှင့် သတို့သမီးတို့သည် လူနက္ခတ်နှင့် ဘီလူးနက္ခတ်တို့ ပေါင်းသင်းပါက

သဘောထားကွဲလွဲမှုများခြင်း၊ တစ်ဦးအပေါ်တစ်ဦး မာနထောင်လွှားခြင်း၊ စိတ်မချမ်းသာမှုများခြင်း၊ တစ်ဦးတစ်ယောက်အားဖြင့် နာတာရှည်ကျန်းမာရေးညံ့ဖျင်းတတ်ခြင်း၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတို့၌ ဘေးပယောဂ အနှောင့်အယှက်များခြင်း၊ သွေးထိုးစကားများ ရေပန်းစားခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော သားသမီးများ ပေါများခြင်း၊ တော်လှန်ပုန်ကန်သော တပည့်သားများ ရောက်လာတတ်ခြင်း၊ စီးပွားရေး ရုတ်တရက် အကျိုးယုတ်တတ်ခြင်း၊ ရုတ်တရက် ကျန်းမာရေးဖောက်ပြန်ခြင်း၊ သားသမီးအကျိုး ခံစားရခွင့်နည်းခြင်း၊ လူကြီးမိဘများ သဘောမတူသော အိမ်ထောင်ရေးမျိုးဖြစ်တတ်ခြင်း ဟူသော အကျိုးများကို ဖြစ်ပေါ်စေပါသည်။

အကြင်သတို့သားနှင့် သတို့သမီးတို့သည် နတ်နက္ခတ် အချင်းချင်း ပေါင်းသင်းပါက

တစ်ဦးအပေါ် တစ်ဦး သဘောထားကြီးလျှက် ကြင်ကြင်နာနာမြတ်နိုးချစ်ခင်နိုင်ခြင်း၊ ရောင့်ရဲလွယ်သော မိသားစုဘ၀နှင့် အေးချမ်းသာယာခြင်း၊ စီးပွားရေးသည် အတိုင်းအဆမရှိတိုးတက်မြင့်မားတတ်ခြင်း၊ ထင်ရှားကျော်ကြားသူများမှ ကြည့်ရှုစောင့်မတတ်ခြင်း၊ အဆင်းလှပသောသော သားသမီးရတနာများ ထွန်းကားခြင်း၊ လူအများအတွက် ကျေးဇူးတရားကိုပြုကျင့်နိုင်သော သူများဖြစ်ခြင်း၊ ကြီးကျယ်သော အလှူတို့ကို ပေးရတတ်ခြင်း၊ အိမ်ထောင်ရေးသာယာခြင်း၊ တစ်ဦးအပေါ်တစ်ဦးသစ္စာရှိစွာပေါင်းသင်းဆက်ဆံနိုင်ခြင်းခြင်း ဟူသော အကျိုးတို့ကို ဖြစ်ပေါ်စေပါသည်။

အကြင်သတို့သားနှင့် သတို့သမီးတို့သည် နတ်နက္ခတ်နှင့် ဘီလူးနက္ခတ်တို့ ပေါင်းသင်းပါက အိမ်ထောင်ရေးဆူမှ စီးပွားတက်လွယ်ခြင်း၊ ပတ်ဝန်းကျင် ၀န်တိုသူတို့ပေါ်ပေါက်တတ်ခြင်း၊ အခွင့်အရေးကောင်းများ ဆံးပါးတတ်ခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ ဇာတိရပ်ရွာတို့တွင် နေထိုင်ရကိန်းနည်းခြင်း၊ သားသမီးကောင်းတို့ထွန်းကားသော်လည်း အကျိုးခံစားခွင့်နည်းပါတတ်ခြင်း၊ တစ်ပြည်တစ်ရွာတွင် ကြီးပွားချမ်းသာလွယ်ခြင်း၊ ချစ်လွယ် မုန်းလွယ်သော အိမ်ထောင်ရေးဖြစ်ခြင်း ၊ နောင်ရေးအေးသာဘ၀ တို့ကို ပိုင်ဆိုင်နိုင်ခြင်း ဟူသော အကျိုးတို့ကို ဖြစ်ပေါ်စေပါသည်။

အကြင်သတို့သားနှင့် သတို့သမီးတို့သည် ဘီလူးနက္ခတ်အချင်းချင်း ပေါင်းသင်းပါက

နာမည်ဂုဏ်သတင်းကျယ်ပြန့်ခြင်း၊ ဘုန်းတန်ခိုးထွန်းတောက်ခြင်း၊ မရပ်မနားလှုပ်ရှားသွားလာရခြင်း၊ ကိုယ့်ဒူးကိုယ်ချွန်အိမ်ထောင်ရေးစံဖြစ်ခြင်း၊ သားသမီးတို့ နာမည်ဂုဏ်သတင်းထွန်းတောက်ခြင်း၊ သို့သော် မှီခိုနိုင်သူတို့နည်းပါးခြင်း၊ ရုတ်တရက် ထီပေါက်သကဲ့သို့ အမွေရမှု၊ စီးပွားအောင်မြင်မှု တို့နှင့်တိုက်ဆိုင်ကြုံကြိုက်ရခြင်း၊ မွေးချင်းပေါက်ဖော်များနှင့် ဝေးကွာစွာနေထိုင်ရတတ်ခြင်း၊သားသမီးနည်းပါးခြင်း ဟူသော အကျိုးတို့ကို ဖြစ်ပေါ်စေပါသည်။

No comments: