အန္တရာယ်ရှိနိုင်သော ရင်သားကြီးထွားစေရန်ထည့်သွင်းသော ဆီလီကွန်တစ်မျိုးကို ထုတ်လုပ်ခဲ့သည့် ပြင်သစ်ကုမ္ပဏီဥက္ကဋ္ဌကို ဖမ်းဆီး


ရင်သားကို ထိခိုက်စေကာ အန္တရာယ်ရှိနိုင်သည့် ရင်သားကြီးထွားစေရန်ထည့်သွင်းသော ဆီလီကွန်တစ်မျိုးကို ထုတ်လုပ်ခဲ့သည့် ပြင်သစ်ကုမ္ပဏီ၏ ဥက္ကဋ္ဌကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စက်မှုလုပ်ငန်းသုံး အရည်အသွေးနိမ့် ဆီလီကွန်ဖြင့်ပြုလုပ်ထားသောကြောင့် ၂၀၁၀ ကတည်းက ထုတ်လုပ်မှုများရပ်ဆိုင်းစေခဲ့သည့် Poly Implant Prothese (PIP) ဟုအမည်ပေးထားသော ရင်သားကြီးထွားစေရန် ထည့်သည့် ဆီလီကွန်ကို ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးလေးသိန်းခန့်က ထည့်သွင်းထားကြသည်ဟု သိရသည်။


ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ပြင်သစ်အစိုးရက ယင်းအမျိုးအစား ဆီလီကွန်ထည့်ထားသည့် ပြင်သစ်အမျိုးသမီး ၃၀၀၀၀ ကို အစိုးရစရိတ်ဖြင့် ပြန်လည်ထုတ်ဖယ်ပေးခဲ့သည်။ နိုင်ငံအများစုတွင်မူ ပြင်သစ်ကဲ့သို့ အစိုးရက စိုက်ထုတ်ကျခံပေးခြင်း မရှိခဲ့ပေ။
PIP သည် တစ်ချိန်က ရင်သားကြီးထွားစေရန် ထည့်သွင်းသော ဆီလီကွန်ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံးဖြစ်ခဲ့ပြီး နိုင်ငံပေါင်း ၆၅ နိုင်ငံတွင် ယင်းဆီလီကွန်ထည့်သွင်းထားသည့် အမျိုးသမီးများရှိသည်ဟု သိရသည်။ ယခုအခါ PIP တည်ထောင်သူ အသက် ၇၂ နှစ်အရွယ်ရှိ ယန်းကလော်ဒီမက်စ်ကို ဇန်န၀ါရီလ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၂၇ ရက်နေ့တွင် ပြင်သစ်တရားရုံးတစ်ရုံးတွင် ရုံးတင်ခဲ့ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံ၏ ထုတ်ပြန်ချက်အရ ယင်းဆီလီကွန်ထည့်ထားသည့် ပြင်သစ်အမျိုးသမီး ၂၀ ခန့်တွင် ရင်သားကင်ဆာဖြစ်ပွားမှုကို တွေ့ခဲ့ရသည်ဟုဆိုသည်။ သို့ရာတွင် ယင်းဆီလီကွန်နှင့် ရင်သားကင်ဆာဖြစ်ပွားမှု တိုက်ရိုက်ဆက်စပ်သည်ဟုကား မသုံးသပ်ထားဘဲ အန္တရာယ်ရှိနိုင်သည်ဟုသာ ထုတ်ပြန်ထားသည်။

No comments: