လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ကြပါစို့




မြန်မာ နိုင်ငံသည် ရှေးပဝေသဏီ ကတည်းကပင် လွတ်လပ်မှုနှင့် အချုပ်အခြာ ပိုင်ဆိုင်သည့် နိုင်ငံတစ်ခု ဖြစ်သည်။
မြန်မာတို့သည် ထင်ရှား ကျော်ကြားသော ပျူခေတ်ကို အေဒီ ၁ ရာစုမှ ၉ ရာစုအထိ၊ ပုဂံခေတ်ကို အေဒီ ၁ဝ ရာစုမှ ၁၃ ရာစုအထိ၊ ပင်းယ မြင်းစိုင်းခေတ်ကို အေဒီ ၁၃ ရာစုမှ ၁၄ ရာစု အထိ၊ စစ်ကိုင်း ခေတ်ကို အေဒီ ၁၄ ရာစု၊ အင်းဝခေတ်ကို အေဒီ ၁၄ ရာစုမှ ၁၆ ရာစုအထိ၊ တောင်ငူခေတ်ကို အေဒီ ၁၅ ရာစုမှ ၁၆ ရာစုအထိ၊ ညောင်ရမ်းခေတ်ကို အေဒီ ၁၇ ရာစုမှ ၁၈ ရာစုအထိ၊ ကုန်းဘောင်ခေတ်ကို အေဒီ ၁၈ ရာစုမှ ၁၉ ရာစုအထိ ခမ်းနား ထည်ဝါစွာ ထူထောင်ခဲ့ ကြသည်။ မြန်မာတို့သည် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ် တို့ကို စွဲမြဲစွာ ဆက်ခံ ထိန်းသိမ်းပြီး အာဇာနည် သူရဲကောင်း စိတ်ဓာတ်ဖြင့် မိမိတို့၏ လွတ်လပ်ခွင့်နှင့် အချုပ်အခြာ အာဏာ ပိုင်ခွင့်တို့ကို ကာကွယ်စောင့် ရှောက် ကြသူများ ဖြစ်ကြသည်။ ရှည်လျားသော သမိုင်းစဉ်တစ်လျှောက်၌ ခိုင်မာသော သာဓက များစွာကို ကမ္ပည်းမော်ကွန်း စိုက်ထူခဲ့သည်။

ခေတ်အဆက်ဆက်တွင် ကိုယ့်မင်း ကိုယ့်ချင်းဖြင့် ကမ္ဘာ့ အလယ်တွင် ''မြန်မာနိုင်ငံ'' ဟု ခံ့ခံ့ထည်ထည် ရပ်တည် နိုင်ခဲ့သော နိုင်ငံဖြစ်သည်။ ထိုသို့ ရပ်တည် လာခဲ့ရာမှ ဗြိတိသျှ နယ်ချဲ့တို့၏ ကျူးကျော်မှုကို ၁၈၂၄ ခုနှစ်တွင်တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင်တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် နယ်ချဲ့ ကျူးကျော်၍ စစ်ဆင်နွှဲခြင်း ခံခဲ့ရပြီး မြန်မာ တစ်နိုင်ငံလုံး သိမ်းပိုက်ကာ တစ်မျိုးသားလုံး အချုပ်အခြာ အာဏာပိုင် လွတ်လပ်ရေးကို ဆုံးရှုံး၍ သူ့ကျွန်ဘဝကို ကျရောက် ခဲ့ရသည်။

သို့ရာတွင် နယ်ချဲ့ ကျူးကျော်စစ် ကာလ တစ်လျှောက်လုံးနှင့် လွတ်လပ်ရေး ဆုံးရှုံး ခဲ့ရသည့် နောက်ပိုင်းတွင်လည်း ကိုလိုနီ နယ်ချဲ့သမား များ၏ မတရား ကျူးကျော် စော်ကားမှု ကို နာကြည်း၍ ခါးသီးသော စိတ်ဓာတ်၊ အနိုင်မခံ အရှုံးမပေး၊ လှေခွက်ချည်းကျန် အလံမလှဲသော စိတ်ဓာတ်တို့ဖြင့် တုံ့ပြန် တိုက်ခိုက် ခဲ့ကြသည်။ မြန်မာ တိုင်းရင်းသား ပေါင်းစုံ၊ လူတန်းစား အလွှာပေါင်းစုံ တို့သည် လွတ်လပ်ရေး ပြန်လည် ရရှိရန် သားစဉ်မြေးဆက် လက်နက်ကိုင် တိုက်ပွဲ၊ လူထုတိုက်ပွဲ စသည်ဖြင့် အကြမ်းနည်း၊ အနုနည်းပါ နည်းမျိုးစုံဖြင့် တိုက်ပွဲဝင် ခဲ့ကြသည်။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကာလ တစ်လျှောက်လုံးတွင် တိုင်းရင်းသား အာဇာနည် သူရဲကောင်း ခေါင်းဆောင်များ၊ လူငယ်များနှင့် ရဟန်းရှင်လူ ပြည်သူတို့သည် အသက်သွေး ပေါင်းများစွာ ထောင်နှင့် သောင်းနှင့်ချီ၍ စတေးခဲ့ကြရပြီး၊ အနှစ် ၁ဝဝ ကျော်ခန့် သူ့ကျွန်ဘဝဖြင့် နေခဲ့ရပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးကို ပြန်လည် ရရှိခဲ့သည်။

ကိုလိုနီ ဘဝက တိုင်းချစ် ပြည်ချစ်စိတ်၊ မျိုးချစ်စိတ် ရှိသော တိုင်းရင်းသား ပြည်သူ အပေါင်းတို့၏ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ တစ်လျှောက် အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်၊ ဝံသာနု ရက္ခိတ တရား၊ အချင်းချင်း ရိုင်းပင်းမှု၊ ကိုယ်ကျိုး စွန့်လွှတ်မှု တို့ကို အရင်းတည်ပြီး စွန့်လွှတ်စွန့်စား ဇွဲမာန် သတ္တိများဖြင့် ဆုံးရှုံးသွားသော နိုင်ငံတော်၏ လွတ်လပ်ရေးကို ပြန်လည်ကြိုးပမ်း ရယူ နိုင်ခဲ့သည်မှာ ယနေ့သည်ပင်  (၆၅)နှစ်သို့ တိုင်ခဲ့ပြီဖြစ်သည်။

လွတ်လပ်ရေး အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး အတွက် မြန်မာ ပြည်သူ တစ်ရပ်လုံးက ပူးပေါင်း ပါဝင်ကြရန် လိုအပ်သည်။ မြန်မာ ပြည်သူများ ကသာ မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု၊ မြန်မာ နိုင်ငံ၏ သာယာ လှပမှုတို့ကို ဖန်တီး နိုင်သူများ ဖြစ်ကြသည်။ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်မှု ပြိုကွဲလျှင် တိုင်းတစ်ပါး သားတို့၏ လွှမ်းမိုး ချုပ်ကိုင်မှု အောက်သို့  ပြန်လည် ကျရောက် နိုင်သည်ကို သတိပြု ရပေမည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး အတွက် တိုင်းရင်းသား ပြည်သူ အားလုံးက စုပေါင်းထိန်းသိမ်း ကာကွယ်ကြရန် အထူး လိုအပ်ပေသည်။

နိုင်ငံတော် လွတ်လပ်ရေး အတွက်  အသက်ပေးလှူ ခဲ့ရသော  အမျိုးသား ခေါင်းဆောင်ကြီး  ဗိုလ်ချုပ် အောင်ဆန်း မကျဆုံးမီ ၁၉၄၇ ခုနှစ် ဇွန် ၁၃ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ လွတ်လပ်ရေး တည်တံ့ ခိုင်မြဲရေးနှင့် တိုင်းရင်းသား စည်း လုံး ညီညွတ်မှု အခိုင်အမာ တည်ဆောက်ရေး၊ နယ်မြေ အေးချမ်း သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးတို့ အတွက် ဆူပူ သောင်းကျန်းမှုများ မဖန်တီးရေး၊ မင်းမဲ့စရိုက် ပပျောက်ရေး၊ လွတ်လပ်မှုကို အလွဲသုံးစား မပြုလုပ်ရေးနှင့် တာဝန်သိသိ၊ စည်းကမ်းရှိရှိ နေထိုင်လုပ်ကိုင် ဆောင်ရွက်ရေး တို့နှင့် ပတ်သက်၍ ဗိုလ်ချုပ်၏ မိန့်ခွန်းတွင် ''လွတ်လပ်ရေး ဆိုတာ စည်းမဲ့ ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး စည်းကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်၊ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ် ရေး ဆိုတာ ရှိနိုင်တယ်၊ အဲဒီတော့ လွတ်လပ်ရေး ဆိုတာကို ကျွန်တော်တို့ ရတဲ့ အခါမှာလည်း နားလည် ရမှာက ငါတို့ တိုင်းပြည်ဟာ ပိုပြီး စည်းကမ်းရှိဖို့ လိုတယ်---'' ''အလုပ်မလုပ် ဘဲနဲ့တော့ လွတ်လပ်ရေး ရပေမယ့် ဘယ်နည်းနဲ့မှ ခင်ဗျားတို့ လွတ်လပ်ရေး အရသာကို ကျပ်ပြည့်တင်းပြည့် ခံစားရမှာ မဟုတ်ဘူး။  ဘယ်အစိုးရ တက်တက်၊ ကွန်မြူနစ် အစိုးရ တက်တက်၊ ဆိုရှယ်လစ် အစိုးရ တက်တက်၊  ဘာအစိုးရ တက်တက်၊ အဲဒီအလုပ် မလုပ်ဘဲနဲ့တော့ ခင်ဗျားတို့ မဖြစ်ဘူး ဆိုတာကို ကျွန်တော် တထစ်ချ ရဲရဲကြီး ပြောရဲတယ်။ ဒီဗမာပြည်ကို ကျုပ်တို့ လွတ်လပ်ရေး ရတဲ့အခါမှာ ကျုပ်တို့ ဗမာတွေ သာလျှင် ဗမာပြည်ကို ကာကွယ်ရမယ့် တာဝန်ဟာ အဓိကဖြစ်တယ်၊ ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားစံစား ချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့  အကျင့်ဆိုးတွေ၊ ဒီအကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်---'' စသည်ဖြင့် တစ်တစ်ခွခွ မိမိရရ နောက်ဆုံး အန္တိမ သြဝါဒ စကား ပြောကြားခဲ့သည်။

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့သည် (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ အနေဖြင့် (၁) ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲ သိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်း နေထိုင်ရေး၊ (၂) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို တိုင်းရင်းသား အားလုံး မျက်ခြည်မပြတ် ထိန်းသိမ်း ကာကွယ်ရေး၊ (၃) လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီး ရေရှည် တည်တံ့သည့် စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာတွင် တိုင်းရင်းသား လူမျိုးများ အားလုံးမှ ပူးပေါင်း ပါဝင် ဆောင်ရွက်ရေး၊ (၄) ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရာ၌ ပြည်သူများ၏ အကျိုးစီးပွား ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ဖော်ဆောင်ပေးရေး၊ ဆင်းရဲမှုနှုန်း လျော့နည်း ကျဆင်းရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များ တိကျမှန်ကန် ဖြောင့်မတ်ရေးတို့ အတွက် မဆုတ်မနစ် ကြိုးပမ်း ဖော်ဆောင်ရေးတို့ ဖြစ်ပေသည်။ ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီးသည် နိုင်ငံရေး အရ တည်ငြိမ် အေးချမ်းမှု ရရှိခဲ့သည်နှင့် အမျှ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်း သာယာရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေး တို့သည် အဆင့်ဆင့် ဖြစ်ပေါ်လာပြီး ဖြစ်ရာ အချိန်အခါ အခြေအနေနှင့် လိုက်လျောညီစွာ ''ပြည်ထောင်စု လွှတ်တော်''၊''ပြည်သူ့ လွှတ်တော်''၊ ''အမျိုးသား လွှတ်တော်'' နှင့် ''ပြည်ထောင်စု အစိုးရ''  စသည်တို့ကို ဖွဲ့စည်း၍  အနာဂတ် ကာလ အေးချမ်း သာယာသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ကြီး အမြန်ဖြစ်ထွန်း ပေါ်ပေါက်ရေးသို့ ဆက်လက် တက်လှမ်း ကြိုးပမ်း ဆောင်ရွက် နေသည် ကို မြင်တွေ့နေရပြီ ဖြစ်ပေသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ အခန်းကဏ္ဍသည် အခြေခံ ကျပြီး နိုင်ငံရေး အင်အား၊ စီးပွားရေး အင်အား၊ နိုင်ငံတော် ကာကွယ်ရေး အင်အားတို့ တောင့်တင်း ခိုင်မာဖို့လည်း အထူး လိုအပ်လှသည်။ နိုင်ငံရေး အင်အား ဆိုရာတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပင် ဖြစ်သည်။ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်ပြီး တိုင်းပြည် ငြိမ်းချမ်းမှသာ ဒီမိုကရေစီ စနစ်ကို ကျင့်သုံး အကောင် အထည်ဖော် ဆောင်ရွက်နိုင် မည် ဖြစ်ပေသည်။ ဒီမိုကရေစီ ကျင့်သုံးပြီး တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှသာ တိုင်းရင်းသား ပြည်သူတို့၏ လူမှုစီးပွား ဘဝမှာလည်း တိုးတက် မြင့်မားလာမည် ဖြစ်သည်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးသည် အထူးလို အပ် သည်ကို ပြည်သူ အားလုံးက သတိပြု ရမည်သာ ဖြစ်သည်။

စီးပွားရေး အင်အား တောင့်တင်းရန် အတွက် ပြည်သူ လူထု၏ ပူးပေါင်း ပါဝင်မှု လိုအပ်ပေသည်။ စိုက်ပျိုးရေး ကဏ္ဍကို ဆက်လက် ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစား ဆောင်ရွက်ပြီး စက်မှုနိုင်ငံ ထူထောင်ရေး အတွက် စက်မှုဇုန်များ ပေါ်ထွက်၍ နိုင်ငံ ခြား ရင်းနှီး မြှုပ်နှံမှုကို ဖိတ်ခေါ်ကာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေကို ယခုအခါ  အတည်ပြုပြီး ကြိုးစားလျက် ရှိသည်။ အသိ ပညာရှင်များ၊ အတတ် ပညာရှင်များ၊ လူသား အရင်းအမြစ များကို အသုံးချပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော် သစ်ကြီး ဖော်ဆောင်ရန် အတွက် ဦးတည် ကြိုးပမ်းလျက် ရှိသည်။ စီးပွားရေး ကဏ္ဍတွင် ဈေးကွက် စီးပွားရေး စနစ် ပေါ်ပေါက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိရာ ကျန်းမာ သန်စွမ်းပြီး စွမ်းရည် ထက်မြက်သည့် အသိပညာ ရှင်များ၊ အတတ်ပညာ ရှင်များ များစွာ လိုအပ်လျက် ရှိသည်။ အနာဂတ် နိုင်ငံတော် အတွက် လူ့စွမ်းအား အရင်းအမြစ်များ ကောင်းမွန်စွာ အသုံးချ နိုင်ရေး အတွက် ပညာရေး ကဏ္ဍနှင့် ကျန်းမာရေး ကဏ္ဍကိုလည်း တိုးတက် ဖွံ့ဖြိုးအောင် အကောင်အထည် ဖော်လျက် ရှိသည်။ နိုင်ငံတော် ကာကွယ်ရေး အတွက် ကမ္ဘာ့ အဆင့်မီ တပ်မတော် တစ်ရပ် လိုအပ်လျက် ရှိရာ အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက် ကာ မျိုးချစ်စိတ်ဓာတ် ထက်သန်သည့် ပြည်သူ့ တပ်မတော် ဖွဲ့စည်းရာတွင် ဝိုင်းဝန်း ကြိုးပမ်းကြရန် လိုအပ်သည်။ သို့ပါ၍ သမိုင်း အစဉ်အလာကောင်း များနှင့် အညီ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာ တည်တံ့ ခိုင်မြဲရေး၊ နယ်မြေ အေးချမ်း သာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေး တို့အတွက် အစဉ်အမြဲ ကာကွယ် စောင့်ရှောက်ကြရန်၊ လွတ်လပ်ရေး၏ အနှစ်သာရ မပျောက်ပျက် သွားစေရန် နိုင်ငံသား တိုင်းတွင် တာဝန်ကိုယ်စီ ရှိနေကြသည်။ ''လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ခြင်းသည် သမိုင်းမှ ပေးအပ်သော မွေးရာပါ တာဝန်ကြီး တစ်ရပ်'' ဖြစ်ပါ၍ ထိုတာဝန်ကြီးကို နိုင်ငံသားတိုင်း တာဝန်သိသိ၊ သစ္စာရှိရှိ အမြဲကာကွယ် စောင့်ရှောက် ကြခြင်းဖြင့် လွတ်လပ်ရေး၏ အရသာကို ချိုမြိန်စွာ ခံစား ကြနိုင်ပါစေဟု ဆန္ဒပြု ရေးသား လိုက်ရပါသည်။ 

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဂုဏ်ပြု ဆောင်းပါး
ဆောင်းပါးရှင်-  အောင်ခန့်ဖြိုးဝေ (တောင်ငူ)