ကမ္ဘာ့ နိုင်ငံများ အနက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး နေ့သည် နှစ်သစ်၏ အဦးအစ ပထမဆုံး ဖြစ်သည်။ ထို့ကြောင့် ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ကောင်းပြီး မင်္ဂလာ ရှိလှပေသည်။ လူမျိုးတိုင်း နိုင်ငံတိုင်း အတွက် လွတ်လပ်ရေးသည် အရေးကြီး လှပေသည်။
မြန်မာပြည်ဖွား တိုင်းရင်းသား များ၏ သူ့ကျွန်မခံ လိုသောစိတ်၊ ဝံသာနုစိတ်၊ မျိုးချစ်စိတ် တို့ဖြင့် အသက်ကို ပဓာန မထားဘဲ ရွပ်ရွပ်ချွံချွံ တွန်းလှန် တိုက်ခိုက်ခဲ့မှုကြောင့် ကျွန်တော်တို့ မြန်မာ နိုင်ငံတော်ကြီး လွတ်လပ်ရေး ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာတို့သည် ဘိုးဘေးဘီဘင် အစဉ်အဆက် ကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ခိုင်ခိုင်မာမာ ဝင့်ဝင့်ထည်ထည်ဖြင့် ရပ်တည် နိုင်ခဲ့ပေသည်။ ပထမ မြန်မာ နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော အနော်ရထာ မင်းကြီး လက်ထက်တော်က ဆိုလျှင် အိမ်နီးချင်း နိုင်ငံများကပါ အကူအညီ တောင်းခံခြင်း ခံရသော နိုင်ငံတော်ကြီး ဖြစ်ခဲ့ပေသည်။ ဒုတိယ မြန်မာ နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီး လက်ထက်တော်ကလည်း အိမ်နီးချင်းနိုင်ငံ များကိုပါ သိမ်းသွင်း နိုင်ခဲ့ယုံမက ထိုနိုင်ငံများ၏ ယုံကြည် လေးစားခြင်း ကိုပါ ဂုဏ်ယူ ဝင့်ကြွားစွာ ခံခဲ့ရပါသည်။ တတိယ မြန်မာ နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သော အလောင်း မင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်တော် ကလည်း အိမ်နီးချင်း နိုင်ငံများ၏ ကြောက်ရွံ့ လေးစားခြင်း ခံခဲ့ရသည်။ ဤကဲ့သို့ အစဉ်အလာ ကောင်းသော နိုင်ငံတော်ကြီး ဖြစ်ခဲ့သည်။ သို့သော်လည်း စည်းလုံး ညီညွတ်မှု မရှိခြင်း၊ သက်ဦးဆံပိုင် ဘုရင်စနစ်အောက် ရောက်ရှိနေခြင်း၊ အသိဥာဏ်ပညာ ခေါင်းပါးခြင်းတို့ကြောင့် ဗြိတိသျှတို့၏ ကျွန်ဘဝသို့ ရောက်ရှိ ခဲ့ရသည်။ တစ်ဖန် ဖက်ဆစ်ဂျပန် တို့ ၏ လက်အောက်သို့လည်း ကျရောက် ခဲ့ရ ပါသေးသည်။ ဤသို့ ဖြစ်ရသည်မှာ အဓိကအားဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော တပ်မတော် မရှိခြင်းကြောင့် ဖြစ်သည်။ နှစ်ပေါင်း ၁ဝဝ ခန့် ဗြိတိသျှ လက်အောက် ရောက်ရှိ ခဲ့ရာမှ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် တပ်မတော်သား များက အသက်၊ သွေး၊ ချွေးတို့ဖြင့် စတေးကာ ခက်ခက်ခဲခဲ ရွပ်ရွပ်ချွံချွံ တိုက်ယူ ခဲ့မှုကြောင့် မြန်မာ့ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။
ဤသို့ ခက်ခက်ခဲခဲဖြင့် ရယူထားသော လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့ ခိုင်မြဲအောင် စောင့်ရှောက် ရမည်မှာ နိုင်ငံသား အားလုံး၏ တာဝန်ဖြစ်သည်။ လွတ်လပ်ရေးကို ထပ်မံ မဆုံးရှုံးစေရန် ဝံသာနုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ရှိရန် အလွန် အရေးကြီး ပေသည်။ ရှေးအခါက စိတ္တကုဋ်တောင် ရတနာ ရွှေဂူ၌ ရွှေဟင်္သာ ကိုးသောင်း နေကြကုန်၏။ ထိုဟင်္သာတို့သည် မိုးတွင်းလေးလ အတွက် စားနပ်ရိက္ခာ တို့ကို ကြိုတင်သိုမှီး ထားကြပြီး ဂူအတွင်း၌သာ နေထိုင် ကြကုန်၏။ တစ်ခါသော် ရထား လှည်းဘီးမျှ ရှိသော ပင့်ကူကြီးသည် ဂူဝ၌ တစ်လလျှင် နွားချည်ကြိုး ပမာဏ ရှိသော အမြှေးချည်မျှင် တစ်ခုစီ ဖွဲ့၏။ ဟင်္သာတို့သည် ထိုချည်မျှင်ကို ဖောက်ဖျက်ရန် ဟင်္သာပျို တစ်ကောင်အား နှစ်စုသော အစာကိုပေး၍ ထား၏။ မိုးလေးလ လွန်သော် ထိုဟင်္သာပျိုသည် ရှေ့ဆုံးက နေ၍ ချည်မျှင်တို့ကို ဖောက်ဖျက်လေ၏။ ထိုဟင်္သာတို့လည်း သေဘေးမှ လွတ်မြောက်ကုန်၏။ နောက်တစ်နှစ်ကား မိုးသည် လေးလနှင့် မစဲဘဲ ငါးလရွာ၍ အစာကုန်သော် မိမိတို့ ဥကို ပြန်၍ စားကြကုန်၏။ ဥကုန်သော် ဟင်္သာငယ်များကို စားကြကုန်၏။ ထို့နောက် ဟင်္သာအို တို့ကို အစဉ်အတိုင်း စားကြလေ၏။ မိုးငါးလ ရွာပြီး၍ စဲသောအခါ အစာနှစ်စု ရသော ဟင်္သာပျိုသည် ရှေးကကဲ့သို့ ချည်မျှင်တို့ကို ဖြတ်ဖောက်ရာ ဇာတ်တူသားကို စားထား၍ အားမရှိသည်နှင့် လေးမျှင်ကိုသာ ဖြတ်နိုင်၍ ကျန်တစ်မျှင်တွင် ငြိ၍ နေလေ၏။ ထိုအခါ ပင့်ကူသည် ဟင်္သာတို့ကို အလွယ်ဖြင့် ဖမ်းယူ စားသောက်ရာ ရွှေဟင်္သာ တစ်မျိုးလုံး ပျက်စီးကုန်၏။ အမျိုးကို မစောင့်ရှောက်ဘဲ ဇာတ်တူ သားစားမိ၍ ဟင်္သာ ကိုးသောင်း ပျက်စီး ရလေသည်။ ထို့ကြောင့် ဝံသာနု စိတ်ဓာတ်ရှိရန် အရေးကြီး လှပေသည်။ ဝံသာနု စိတ်ဓာတ်၊ အမျိုးကို စောင့်ရှောက်သည် ဆိုရာ၌ အမျိုးအနွယ်၏ လွတ်လပ်ရေးကို တန်ဖိုး ထားခြင်း၊ အမျိုးအနွယ်၏ အကျိုးစီးပွားကို မထိခိုက်စေခြင်း၊ အမျိုးအနွယ်အား အန္တရာယ်ဘေးမှ ကယ်တင်ပေးခြင်း၊ အမျိုးအနွယ်အား သွေးမခွဲခြင်း၊ အမျိုးအနွယ်အား စည်းလုံး ညီညွတ်မှု မပျက်ပြားစေခြင်း စသည်တို့ ဖြစ်သည်။
ထို့ကြောင့် လွတ်လပ်ရေး အဓွန့်ရှည်စေရန်၊ ဝံသာနု စိတ်ဓာတ်ရှိရန် အရေးကြီး လှပေသည်။ ထို့အပြင် ဘုရားလောင်း အာဇာနည် မျောက်မင်းကဲ့သို့ အမျိုးကို ချစ်သော၊ အမျိုးအတွက် အသက်စွန့် အနစ်နာခံသော မျိုးချစ်စိတ်ဓာတ် ရှိရန်လည်း အရေးကြီး လှပေခြင်းကြောင့် မြန်မာ သူရဲကောင်းတို့၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရယူခဲ့သော မြန်မာ့ လွတ်လပ်ရေးကို ဆက်လက် ထိန်းသိမ်းရန် မြန်မာနိုင်ငံသား အားလုံးတွင် တာဝန်ရှိကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။
ဆောင်းပါးရှင်- ဒေါက်တာအောင်သန်းဝင်း (အရှေ့တိုင်းပညာ)